ကန့်ဘလူ ၂၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာမီးလင်းရေးကော်မတီနှင့် ကုမ္ပဏီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကန့်ဘလူမြို့နယ် ချောင်းရှည်ကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာပြည်သူများ ၂၄ နာရီ မီးအသုံးပြုနေကြပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကျော်မျိုးသည် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့နှင့်အတူ စက်တင်ဘာ ၂၀ ရက်က ကန့်ဘလူမြို့နယ် ချောင်းရှည်ကျေးရွာ Mini-Grid အသေးစား ဓာတ်အားလိုင်းစနစ်လုပ်ငန်း လည်ပတ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကာ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအရ မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက် ဝေးကွာသော ကျေးရွာ၊ လာမည့် ၁၀ နှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်နိုင်သော ကျေးရွာများကို အသေးစားဓာတ်အားစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ချောင်းရှည်ကျေးရွာတွင် ဆိုလာ ၁၁၃ ဒသမ ၈၈ ကီလိုဝပ်နှင့် အင်ဂျင် ၁၁၀ ကေဗွီအေ/၈၈ ကီလိုဝပ်(kW) ပေါင်းစပ်ထားသော အသေးစား လျှပ်စစ်ဓာတ်အားစနစ် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းဖြစ်သည်။
ကျေးရွာပြည်သူများအနေဖြင့် မဟာဓာတ်အားလိုင်းကဲ့သို့ အသုံးပြုနိုင်ပြီး အဆိုပါစီမံကိန်းကို တိုင်းဒေသကြီးအတွင်း ကျေးရွာခုနစ်ရွာတွင် ဆောင်ရွက်လျက်ရှိကာ အခြားကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုးက ပြောသည်။
ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေးလုပ်ငန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၆၀ ရာခိုင်နှုန်း၊ ပြည်သူလူထုက ၂၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ကြမည်ဖြစ်သဖြင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ကန့်ဘလူမြို့နယ်တွင် ကျေးရွာပေါင်း ၃၀၀ ခန့်ရှိသည့်အနက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရေရရှိရေး ၉၄ ရွာ၊ မီးလင်းရေး ၈၃ ရွာ၊ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း နှစ်ရွာ၊ ကျန်းမာသန့်ရှင်းရေး (ရေလောင်းအိမ်သာ) ၂၈ ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၃၂ ရွာ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၁၈ ရွာတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ကျေးရွာများကိုလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းတာဝန်များနှင့်အညီ တိုင်းဒေသကြီး၊ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ အနီးကပ်ကြီးကြပ်မှု၊ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဌာနများ၊ NGO ၊ INGO များနှင့် ပေါင်းစပ်ပြီး ကျေးလက်ပြည်သူများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာ ၅၉၈၉ ရွာရှိသည့်အနက် ဓာတ်အားစနစ်ဖြင့် ၂၇၃၉ ရွာ၊ အခြားနည်းဖြင့် ၂၅၆၃ ရွာ စုစုပေါင်း ၅၃၀၂ ရွာ မီးလင်းပြီး ရာခိုင်နှုန်းအနေဖြင့် ၈၈ ဒသမ ၅၃ ရာခိုင်နှုန်း ဓာတ်အားရရှိနေပြီဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


