ကန့်ဘလူ ၂၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာတစ်ရွာဖြစ်သည့် ချပ်ကြီးကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် မြေသားဆည်ကန်ကြီး (ဒေသအခေါ် မင်းကြီးဆည်ကန်) တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ချပ်ကြီးကျေးရွာ မြစိမ်းရောင်စီမံကိန်းကို ကျပ်သိန်း ၃၀၀ မတည်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ အတိုးရငွေ ကျပ်းသိန်း ၁၀၀၊ ကျေးရွာပြည်သူနှင့် အလှူရှင်များ၏လှူဒါန်းငွေ ကျပ်သိန်း ၁၁၀ တို့ဖြင့် အနက်တိမ်သည့်ဆည်ကန်ကြီးကို ကျေးရွာပြည်သူများ ရေကိုဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် တူးဖော်ခဲ့ခြင်းဖြစ်သည်။
“ယခင်နှစ်များကဆိုရင် ကျွန်တောတို့ရွာမှာ အသုံးပြုလျက်ရှိတဲ့ သောက်သုံးဆည်ကန်ဟာ အနက်တိမ်ပြီး ရေဖူလုံစွာ သုံးစွဲနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် မြစိမ်းရောင်အတိုးရငွေ ကျပ်သိန်း ၁၀၀ နဲ့ မြေကျင်းပေါင်း ၃၇၀၀၊ ကျေးရွာပြည်သူနှင့် အလှူရှင်များရဲ့ လှူဒါန်းငွေ ကျပ်သိန်း ၁၁၀ နှင့် မြေကျင်းပေါင်း ၄၀၇၄ ကျင်းကို မေ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာမှာ ယခုဆို လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်တဲ့အတွက် လာမယ့်နှစ်များမှာ သောက်သုံးရေအခက်အခဲမရှိ ဖူလုံစွာသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ချပ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်တိုးက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


