ကန့်ဘလူ၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း ကျေးရွာများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၄ ရက်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းက မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာကော်မတီအဖွဲ့ဝင်များ အနေဖြင့် ရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် လက်စွဲစာဆောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျေးရွာစီမံကိန်း ကော်မတီများထံသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ခု မီနီဘတ်ဂျက်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် ကမ်းဖြူကျေးရွာအား စီမံကိန်းလုပ်ငန်း အမျိုးအစားအလိုက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဖြိုးကျော်(ပုံတောင်မြေ)