ကန့်ဘလူ  ၁၄  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၉၆ ရွာအနက်မှ ကျေးရွာ ၃၂ ရွာတွင် ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် အများသုံးနေရာများမှ ရေနမူနာများကိုရယူကာ နိုဝင်ဘာလဆန်းပိုင်းက စတင်၍ စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့စမ်းသပ်စစ်ဆေးရာတွင်  ဒေသခံပြည်သူများ၏ နေ့စဉ်သောက်သုံးလျက်ရှိသော ရေထွက်ပင်ရင်းများမှ ရေနမူနာကိုရယူပြီး ရေထဲတွင် လူနှင့်တိရစ္ဆာန်များ၏ အညစ်အကြေးပါဝင်မှုနှင့် အီကိုလိုင်ဗက်တီးရီးယားပိုး ပါဝင်မှု ရှိမရှိကိုသိရှိနိုင်ရန်  Ecoli Test Kit ဖြင့် စစ်ဆေးပေးခြင်းဖြစ်ပြီး အီကိုလိုင်ပိုးပါဝင်မှုရှိပါက ဝမ်းပျက်ဝမ်းလျှောနှင့်အခြားရောဂါများဖြစ်ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် စစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွန်းအောင်က ပြောကြားသည်။

 

ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ မြေသားရေကန်များ၊ အခြားရေရရှိနိုင်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ဆည်ရင်းကုန်း၊ သလဲဦး၊ ကျောက်ဆည်ကန်၊ ယမနေ၊ ဇာဒီ၊ ချောင်းကန်၊ ဘုတ်ကုန်း၊ ညောင်ကိုင်း၊ ကြခတ်အိုက်၊ ဝက်သအင်း၊ ဇီးကနား၊ ပေါက်ဆိန်ကုန်း၊ မယ်ဇတော၊ ခအုံးတာ၊ ငှက်ပျောတိုင်း၊ ပဇီကြီး၊ လေးတွင်းစဉ်၊ ဝက်တိုး၊ သင်ပေါင်းကျင်း၊ ပုဏ္ဏားကြီး၊ တည်ပင်(ပင့်သာ)၊ ချောင်းခြားနှင့် တပ်ကုန်းကျေးရွာများမှ အသုံးပြုလျက်ရှိသည့် ရေထွက်ပင်ရင်းများ၏ ရေများကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကျန်ကျေးရွာများကိုလည်း သောက်သုံးရေသန့်ရှင်းမှုကို ဆက်လက်စစ်ဆေး စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)