ကန့်ဘလူ  ၁၈   မတ်

 

 

ဒေသအတွင်းရှိ ပြည်သူအားလုံးကို  ဆင်ခြေထောက်ကာကွယ်ဆေး တိုက်ကျွေးထားခြင်းဖြင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရန်နှင့် ဆင်ခြေထောက်ရောဂါကြောင့် ခန္ဓာကိုယ် ချို့ယွင်းမှု လျော့နည်းပပျောက်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများရှိ လူဦးရေ ၂၉၈၇၈၆ ဦးကို ဆေးတိုက်အဖွဲ့ပေါင်း ၁၂၀၉ ဖွဲ့ဖြင့် မတ် ၂၈ ရက်တွင် သန်ချဆေးပေါင်းများ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

12232493542

 

 

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည့် အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက " မတ် ၂၈ ရက်မှ ဧပြီ ၆ ရက်အထိ အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး လိုက်လံတိုက်ကျွေးမှာ ဖြစ်ပါတယ်။ ဆင်ခြေထောက်ရောဂါက ခြင်ကိုက်ရာမှတစ်ဆင့် သွေးထဲရှိ သန်ကောင်ကြောင့် ဖြစ်ပွားတာကြောင့် ယခုလိုဆေးတိုက်ကျွေးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်ရှိ သွေးနှင့်အူလမ်းကြောင်းထဲရှိ သံကောင်များကို နှိမ်နင်းနိုင်မှာဖြစ်ပါတယ်။ ဒီဆေး သောက်ခြင်းဖြင့် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်တဲ့အတွက် မဖြစ်မနေသောက်ကြဖို့ လိုအပ်ပါတယ် " ဟု ရှင်းပြသည်။

 

 

ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၉၆၊ အိမ်ခြေပေါင်း ၆၁၉၃၃ မှလူဦးရေပေါင်း ၃၁၄၃၆၅ ဦးအနက် အသက် ၂ နှစ်နှင့်အထက်ရှိ ၂၉၈၇၈၆ ဦးကို ဆင်ခြေထောက်ကာကွယ်ဆေး တိုက်ကျွေးသွားမှာဖြစ်ပြီး အသက် ၂ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသူများကို တိုက်ကျွေးမည်မဟုတ်ကြောင်း သိရသည်။

 

 

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး လူကုန်ဆေးတိုက်ကျွေးရာတွင် အိမ်ခြေ ၅၀ လျှင်ဆေးတိုက်အဖွဲ့တစ်ဖွဲ့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အခြေခံပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်၊ အရန်မီးသတ်၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများအပါအဝင် တစ်ဖွဲ့လျှင် လေးဦးနှုန်းဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်-၃(ငှက်ဖျား) ဦးစံဝင်းက ပြောသည်။

 

 

ဆင်ခြေထောက်ကာကွယ်ဆေး တိုက်ကျွေးခြင်းကြောင့် ကူးစက်မှု လျော့နည်းပပျောက်စေရန်၊ ဆင်ခြေထောက်ရောဂါကြောင့် နာမကျန်းဖြစ်မှု၊ ကိုယ်ခန္ဓာချို့ယွင်းထိခိုက်မှု လျော့နည်းစေရန်၊ သန်ချဆေးဖြင့် တွဲဖက်တိုက်ကျွေးခြင်းကြောင့် သန်ကောင်၊ တုပ်ကောင်အမျိုးမျိုးမှ ကင်းဝေးစေရန်၊ ဆင်ခြေထောက်ရောဂါ၏ လက္ခဏာအန္တရာယ်တို့ကိုသိရှိပြီး ကျန်းမာရေးဗဟုသုတရှိစေရန်၊ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း အလေ့အကျင့်ရရှိစေရန် အဖွဲ့ပေါင်းစုံဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူကုန်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ခရိုင်ပေါင်း ၃၀ တွင် ဆင်ခြေထောက်ရောဂါ ကူးစက်မှုမှာ လူ ၁၀၀၀ လျှင် တစ်ဦးထက် လျော့နည်းလာပြီဖြစ်သဖြင့် အောင်မြင်စွာရပ်ဆိုင်းနိုင်ခဲ့ပြီ ဖြစ်သည်။

 

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆင်ခြေထောက်ရောဂါကင်းဝေးရေး စီမံချက်သည် ဆင်ခြေထောက်ကူးစက်မှုရှိနေသေးသော နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ခုနှစ်ခုရှိ ခရိုင် ၁၅ ခရိုင်မှမြို့နယ် ၇၇ မြို့နယ်တို့တွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက်မှ ဧပြီ ၆ ရက်ထိ ၁၀ ရက်ကြာ လူကုန်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)