ကန့်ဘလူ ဇန်နဝါရီ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း ၅၀၈၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၃၅၆၅ ဧကနှင့် ဖူးစားပြောင်း ၁၆၁၃ ဧက စုစုပေါင်း ၅၁၇၈ ဧက စိုက်ပျိုးရန် လျာထားပြီး ယမန်နှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ အစေ့ထုတ်ပြောင်း ၃၅၂၉ ဧကနှင့် ဖူးစားပြောင်း ၁၅၅၈ ဧက စုစုပေါင်း ၅၀၈၇ ဧက စိုက်ပျိုးပြီးဖြစ်သည်။

 

"ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်း ဧက ၅၁၀၀ ကျော် လျာထားစိုက်ပျိုးခဲ့ရာမှာ အစေ့ထုတ်ပြောင်းဆိုရင် ၉၈ ဒသမ ၉၉ ရာခိုင်နှုန်းနဲ့ ဖူးစားပြောင်း ၉၆ ဒသမ ၅၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပါပြီ။ ဒီပြောင်းသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေဖို့နဲ့ အသိပညာပေးသင်တန်းတွေ၊ ဆွေးနွေးပွဲတွေအပြင် ဒေသအလိုက် ကွင်းတာဝန်ခံများက စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။

 

ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးထားသောသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့အတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ မြေမှန်၊ မျိုးမှန်၊ စိုက်စနစ်မှန်ကန်ရေးနှင့် နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)