ကန့်ဘလူ  ၂၉ ဇန်နဝါရီ

 

ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ သိရသည်။

mdn

ထို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ ၃၃/၁၁ ကေဗီဓာတ်အားခွဲရုံတွင် သဖန်းဆိပ်နှင့် ငှက်ပျောတိုင်း အဝင် Switch Bay (2 Bays) အဆင့်မြှင့်တင်ခြင်း၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ Switch Bay အသစ် ဓာတ်အားလွှတ်ခြင်းနှင့် ၃၃ ကေဗီ ကျွန်းလှအထွက် လိုင်းပြောင်းရွှေ့ခြင်းလုပ်ငန်းများကို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်သူမြင့်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

“ဓာတ်အားပြတ်ဧရိယာ လျော့နည်းရေးအတွက် အလိုအလျောက် ဓာတ်အားဖြတ်ခလုတ် 11 KV Auto Recloser သုံးလုံး၊ 33 KV Sectionilozer တစ်လုံး၊ Fault Passage Indicator သုံးလုံးတပ်ဆင်ပြီးစီးခဲ့ပြီး အဆိုပါ ခေတ်မီလိုင်းကာကွယ်ပစ္စည်းများ တပ်ဆင်ခြင်းဖြင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပွားပါက ဖြစ်ပွားသည့်အပိုင်းကို ချက်ချင်းသိရှိနိုင်ပြီး ကျန်ဧရိယာများအား ဆက်လက်ဓာတ်အား ဖြန့်ဖြူးပေးထားနိုင်မည်ဖြစ်ကာ ဓာတ်အားပြတ် လျော့နည်းသွားစေသော လိုင်းအပြစ်ဖြစ်ပွားသည့် အပိုင်းကို အလျင်အမြန် ရှာဖွေတွေ့ရှိ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း” ဦးအောင်သူမြင့်ကပြောသည်။

 

ကန့်ဘလူမြို့ ၃၃/၁၁ ကေဗီ ဓာတ်အားခွဲရုံတွင် ၁၀ အမ်ဗွီအေ ထရန်စဖော်မာ အစားထိုးလဲလှယ်ခြင်းနှင့် 33 KV Switch Bay (1) Set တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကန့်ဘလူမြို့နယ်အတွင်း လက်ရှိလျှပ်စစ်သုံးစွဲသူများနှင့် ထပ်မံတိုးချဲ့ တည်ဆောက်မည့် ကျေးရွာများသို့ ဓာတ်အားနိုင်နင်းစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

mdn

ထို့သို့ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ကန့်ဘလူမြို့ ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားသော ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအားလုံးတွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်သုံးစွဲသူ ဒေသခံပြည်သူများအား ကြိုတင်အသိပေးထားကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

mdn