ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျေးရွာမီးလင်းရေး ကော်မတီနှင့် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အနေဖြင့် ကန့်ဘလူမြို့နယ် မယ်ဇတောကျေးရွာနှင့် ချောင်းရှည်ကျေးရွာတို့တွင် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း(NEP) Solar Mini-Grid ကျေးရွာမီးလင်းရေး ဆောင်ရွက်နေသော လျှပ်စစ် ဓာတ်အားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မယ်ဇတောကျေးရွာ အိမ်ထောင်စု ၁၄၂ စု လူဦးရေ ၁၀၂၆ ဦးတို့အား ၂၄ နာရီ ဖြန့်ချိနိုင်ပြီဟု သိရသည်။
"ကျွန်တော်တို့ဌာန ဝန်ထမ်းများက ကျေးရွာမီးလင်းရေးစနစ်(Solar Mini-Grid)လုပ်ငန်း နှင့်ပတ်သက်ပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က မယ်ဇတောကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများကို ချပြရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ မတ် ၂၈ ရက်မှာ Kinetic Myanmar Technolohgy ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ဧပြီ ၁၅ ရက်မှာ ကျေးရွာမီးလင်းရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး ဧပြီ ၂၇ ရက်မှာ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း၊ ကျေးရွာတွင်း ဓာတ်တိုင်များ စိုက်ထူခြင်း၊ ဓာတ်အားလိုင်းများ သွယ်တန်းခြင်း၊ အိမ်တွင်း ဝါယာလိုင်း သွယ်တန်းခြင်း၊ အခပေး(ငွေပေးကတ်) မီတာ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှာ အခုလျှပ်စစ်မီးများလည်း အသုံးပြုနေကြပြီ ဖြစ်ပါတယ်" ဟု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးဟန်ထွန်းအောင်က ပြောပြသည်။
နိုဝင်ဘာလက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာ၊ GIZ ကုမ္ပဏီမှ Consultant Mr. Christopher John De Villiers Purcell နှင့် Advisဝr Mr. Ashish တို့မှ မယ်ဇတောကျေးရွာ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပစ္စည်းများ၏ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေး၊ ကျေးရွာပြည်သူများ မီးသုံးစွဲရာတွင် အန္တရာယ် ကင်းရှင်းရေးတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေး လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရာခိုင်းနှုန်း ၆၀ (ကျပ် ၁၈၆ ဒသမ ၃၈၆ သန်း)၊ ကျေးရွာနေ ပြည်သူများက ရာခိုင်နှုန်း ၂၀ (ကျပ် ၆၂ ဒသမ ၁၂၈၆ သန်း) နှင့် Kinetic Myanmar Technology ကုမ္ပဏီက ရာခိုင်နှုန်း ၂၀ (ကျပ် ၆၂ ဒသမ ၁၂၈၆ သန်း) ဖြင့် စုစုပေါင်း ကျပ် ၃၁၀ ဒသမ ၆၄၃၂ သန်း ကုန်ကျခံကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဓာတ်အား ထုတ်လုပ်နိုင်မှု စွမ်းအား အနေဖြင့် ၄၀ ဒသမ ၉၆ ကီလိုဝပ် ထုတ်လုပ်နိုင်ပြီး တစ်ယူနစ် ကျပ် ၄၅၀ ကျသင့်မည်ဖြစ်သည်။ လျှပ်စစ်မီး အသုံးပြုနိုင်မှုမှာ မီးလုံး၊ မီးချောင်း၊ TV၊ Sound Box၊ ရေခဲသေတ္တာ၊ ရေမော်တာ၊ သံဂဟေ စသည်ဖြင့် အသုံးပြုနိုင်ကာ ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ကျေးရွာပြည်သူများ အသုံးပြုနိုင် ကြမည် ဖြစ်သဖြင့် ကျေးလက်နေ ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အလားတူ ကန့်ဘလူမြို့နယ် ချောင်းရှည်ကျေးရွာတွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာပြည်သူနှင့် Sun Power ကုမ္ပဏီတို့ ပူးပေါင်းမှုဖြင့် ကျေးလက်မီးလင်းရေးစနစ်(Solar Mini-Grid)ဆောင်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းနယ်မြေ ရွေးချယ်ရာတွင် မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက် ဝေးကွာသော ဒေသများ လာမည့် ၁၀ နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ မီးမရနိုင်သည့် ဒေသများကို ဦးစားပေး ရွေးချယ်ခြင်းဖြစ်ပြီး အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း(NEP)သည် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ပေးမည့် စီမံကိန်းလည်း ဖြစ်သည်။ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ဒေသများတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားမရမီ ပြည်သူအချိုးကျ ထည့်ဝင်မှု စနစ်ဖြင့် ပိုမိုကောင်းမွန်သော လျှပ်စစ်မီး ရရှိရန်အတွက် အစိုးရ၊ ပြည်သူလူထုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသေးစား ဓာတ်အားလိုင်းစနစ် (Solar Mini-Grid)ဖြင့် မီးလင်းစေမည်ဖြစ်ကာ မဟာဓာတ်အားလိုင်းမှ မီးရရှိပါက အလွယ်တကူ ချိတ်ဆက် အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)