ကန့်ဘလူ  ၁၅   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလ မိသားစုဝင်ငွေလျော့နည်းလာမှုနှင့်စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားနိုင်ရန်အတွက် CERP အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ(၈) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ကျေးရွာ (၄)၌ဆောင်ရွက်နေမှုအခြေအနေများအား နိုဝင်ဘာ ၁၅ ရက်နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကန့်ဘလူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့်ဝန်ထမ်းများက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ဘုတ်ကုန်းကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ သလဲဦးကျေးရွာ၊ ခအုံးတာကျေးရွာများသို့ ကွင်းဆင်း၍ စီမံကိန်းရန်ပုံ ငွေဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း၊ စာရင်းဇယားထိန်းသိမ်းထားသိုနည်းများစစ်ဆေးကာ လိုအပ်သည်များ သင်ကြားပြသပေးခဲ့သည်။

 

ထို့ပြင် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံကာ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ အဆိုပါ ကျေးရွာများတွင် စီမံကိန်းချေးငွေဖြင့်  မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အဓိကဆောင်ရွက်ကြကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

mdn