ကန့်ဘလူ ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခါးတောက်ရင်းကျေးရွာအုပ်စု ကံရိုးကျေးရွာမှဒေသခံတောင်သူ ၈၂ ဦး၏ လယ်ယာမြေ ဧက ၂၀ဝ ကိုလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရန် စနစ်ကျစက်မှုလယ်ယာများအဖြစ် ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
စနစ်ကျစက်မှုလယ်ယာမြေဖော်ထုတ်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၈ ဒသမ ၈ သန်းဖြင့် တင်ဒါအောင်မြင်သော ချင်းတွင်း ရတနာကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကံရိုးကျေးရွာမှတောင်သူ ၈၂ ဦး၏ လယ်ယာမြေဧက ၂၀ဝ ကို ထွန်စက်ကြီး ရှစ်စီး၊ဘက်ဟိုးယာဉ် နှစ်စီး၊မြေသယ်ယာဉ် သုံးစီးတို့ဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
"လယ်ယာမြေ စံကွက်ဖော်ထုတ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေရဲ့ပုံသဏ္ဍာန်မမှန်တဲ့ လယ်ယာမြေအကွက်တွေကို ပုံသဏ္ဍာန်သွားအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။လယ်ယာမြေတွေမှာ ရေသွင်းမြောင်းတွေ၊ ရေထုတ်မြောင်းတွေ ပျောက်နေတဲ့အခါ ရေအတွက်ခက်ခဲနေတာတွေကို အခုဖော်ထုတ်နေတဲ့စနစ်ကျလယ်ယာမြေမှာ ကုန်ထုတ်လမ်းတွေ၊ရေသွင်း/ရေထုတ်မြောင်း တွေ တစ်ပါတည်းပါရှိတဲ့အတွက် လယ်ယာတွေမှာ ရေသွင်းရေထုတ်ရတာ လွယ်ကူသွားပြီး တောင်သူတွေ စိုက်၊ရိတ်၊သိမ်းစနစ်ပိုမိုကောင်းမွန်းပြီး ကုန်ထုတ်စွမ်းအားတွေ တိုးမြှင့်လာမှာဖြစ်ပါတယ် " ဟု မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးဦးထွန်းထွန်းဝင်းက ပြောသည်။
စက်မှုလယ်ယာများ ဖော်ထုတ်ပေးနေခြင်းနှင့်ပတ်သက်၍ ကံရိုးကျေးရွာနေတောင်သူဦးမောင်မြင့်က " ကျွန်တော်တို့ရဲ့လယ်တွေက တစ်ကွက်နဲ့တစ်ကွက် ဆက်နေပြီး လယ်ယာစိုက်ပျိုးချိန်တွေမှာ ရေအတွက်အခက်အခဲဖြစ်ကြရပါတယ်။ရေသွင်းရေထုတ်မြောင်းတွေကလည်းမရှိသလို လယ်ခြား မြောင်းတွေကလည်းပျောက်နေတဲ့အတွက် ရေနဲ့သိးနှံစိုက်ပျိုးချိန်၊ရိတ်သိမ်းချိန်တွေမှာအခက်အခဲဖြစ်ကြတယ်။အခုဖော်ထုတ်နေတဲ့လယ်ယာမြေတွေမှာ ကုန်ထုတ်လမ်းတွေ၊ရေသွင်းရေထုတ်မြောင်းတွေပါတဲ့အတွက် ရေသွင်းရေထုတ်နဲ့ စိုက်ပျိုးချိန်၊သီးနှံသယ်ယူချိန်မှာအဆင်ပြေပြီး သီးနှံစိုက်ပျိုးထုတ် လုပ်မှု ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ် " ဟု ပြောကြားသည်။
တောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တယားများအသုံးပြု၍ စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှုအခက်အခဲကိုကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း သီးနှံများကိုနှစ်သီးသုံးသီး စီုက်ပျိုးနိုင်မည်ဖြစ်ကြောင်းနှင့်ဖော်ထုတ်ပေးသည့်စက်မှုလယ်ယာမြေများမှာ မြေတစ်ကွက်လျှင် ပေ ၁၂၀၊ ပေ ၃၆၀ အကျယ်ရှိပြီး ရေသွင်းရေထုတ်မြောင်း သုံးပေစီ၊ကုန်ထုတ်လမ်း ၁၆ ပေရှိ အလျားလိုက် နှစ် လမ်းနှင့်ထောင့်ဖြတ်လမ်း လေးလမ်းပါရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


