ကန့်ဘလူ ၂၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တင်ကုတ်ကြီးကျေးရွာနှင့် ကံရိုးကျေးရွာတို့တွင် လယ်ယာ မြေဧက ၂၀ဝ ကိုလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုး နိုင်ရေး အတွက် စနစ်တကျလယ်ယာမြေအဖြစ် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖော်ထုတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စနစ်ကျစက်မှုလယ်ယာများဖော်ထုတ်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၆၀ ဖြင့် စက်မှုလယ်ယာများ ဖော်ထုတ်မည် ဖြစ်ကြောင်းနှင့် တောင်သူများ၏ ပုံသဏ္ဍာန်မမှန်သော လယ်ယာမြေအကွက်များကို ပုံသဏ္ဍာန်မှန် စေရန်၊ ကုန်ထုတ်လမ်း၊ ရေသွင်းရေထုတ်မြောင်းများ ဖောက်လုပ်ပြီး တောင်သူများ စိုက်၊ရိတ်၊သိမ်း စနစ် ပိုမိုကောင်းမွန်လာကာ ကုန်ထုတ်စွမ်းအားများလည်း တိုးမြှင့်လာမှာ ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးဦးထွန်းထွန်းဝင်းက ပြောသည်။
စက်မှုလယ်ယာများဖော်ထုတ်ရာတွင် ထွန်ယက်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချွေလှေ့သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်ကြသည့်အခါတွင် စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သောမြေ အကျယ်အဝန်း တိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချေခြင်း၊ မြေညှိခြင်း၊ နှစ်သီး သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များ၊ထွက်ရှိလာသောသီးနှံများကို သယ်ယူ ရောင်းချနိုင်ရေး ကုန်ထုတ်လမ်းများစသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
တောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တရားများအသုံးပြု၍ စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း သီးနှံများကို နှစ်သီးသုံးသီး စိုက်ပျိုးနိုင်မည် ဖြစ်သည်။ဖော်ထုတ်ပေးမည့် စက်မှုလယ်ယာမြေများမှာ တင်ကုတ်ကြီး ကျေးရွာတွင် ဧက ၁၀ဝ၊ကံရိုးကျေးရွာတွင် ဧက ၁၀ဝ စုစုပေါင်း ဧက ၂၀ဝ ကိုစက်မှုလယ်ယာမြေ အဖြစ် ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


