ကန့်ဘလူ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာမှ လယ်ယာမြေ ဧက ၇၀၀ ကျော်ကို အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် Box Culvert သုံးစင်ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၉၂ ဒသမ ၇၅၁ သန်းဖြင့် ဇွန်လလယ်က စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းသည် လမ်းအရှည် နှစ်မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိ ဂျင်းမြေသားလမ်းဖြစ်ပြီး ယင်းလမ်းပေါ်တွင် Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် Globalize ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကာ လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦးနှင့် ယာယီမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်း၊ ဌာနအင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
လက်ရှိဆောင်ရွက်နေသည့် ကုန်ထုတ်လမ်းနှင့် တံတားများပြီးစီးပါက နတ်ပေးကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ လယ်ယာမြေဧက ၇၀၀ ကျော်မှ ထွက်ရှိလာသည့် သီးနှံများကို စျေးကွက်များသို့ အချိန်မရွေး လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းချနိုင်တော့မည်ဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသခံတောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်၊ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများကို စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန်နှင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို ဘဏ္ဍာနှစ်အလိုက် အကောက်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ကန့်ဘလူမြို့နယ်အတွင်း၌ နတ်ပေးကျေးရွာကုန်ထုတ်လမ်းအပြင် ပေကုန်း(တ)ကျေးရွာအတွက် ကုန်ထုတ်လမ်းကိုလည်း ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ယာယီမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)