ကန့်ဘလူ ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာသစ် ကျေးရွာရှိ ၃၃/၁၁ ကေဗွီ၊ 1.25 MVA ထရန်စဖော်မာသည် ဧပြီ ၁၁ ရက်နံနက် ၈ နာရီခန့်က ၁၁ ကေဗွီ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ရာမှတစ်ဆင့် ထရန်စဖော်မာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့မှုကြောင့် ထရန်စဖော်မာ တစ်လုံး၊ D.O.F တစ်စုံနှင့် D/S တစ်စုံတို့ မီးလောင်ပျက်စီး သွားခဲ့ပြီး ယင်းထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ကျေးရွာ ၁၄ ရွာမှာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဖြစ်စဉ်ဖြစ်ချင်းပင် တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာ၏ ကြီးကြပ်စီစဉ်မှုဖြင့် တိုင်းဒေသကြီး အင်ဂျင်နီယာရုံးမှ 33/11KV, 2MVA ထရန်စဖော်မာနှင့် 11KV Protection Panel (VCB) 1in 2 out တစ်စုံတို့အား သယ်ယူ၍ ဒုတိယတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှ အနီးကပ်ကြီးကြပ်ပြီး တိုင်းဒေသကြီးနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက အစားထိုးလဲလှယ် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၂ ရက်နံနက် ၂ နာရီခန့်က လုပ်ငန်းပြီးစီးသွားခဲ့ပြီဖြစ်သဖြင့် ကျေးရွာ ၁၄ ရွာမှပြည်သူများအား လျှပ်စစ်ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်သူမြင့်က ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


