ကန့်ဘလူ ဩဂုတ် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဩဂုတ် ၁၆/၁၇ ရက်များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန့်ဘလူ - ထန်းကုန်း - ကာဘိုးလမ်းပေါ်ရှိ  ချင်မြစ်ကျင်းကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကွန်ကရစ်လမ်းပိုင်းသည် ရေတိုက်စားမှုကြောင့် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ၂၅ ပေခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိန်ရင်ချောင်း ရေလျှံရေကျော်ပြီး ရေတိုက်စားကာ  ကွန်ကရစ်လမ်းအရှည် ၁၈ ပေ၊ လမ်းအကျယ် ၁၅ ပေ၊ ထု ၈ လက်မ၊ မြေသားအနက် ၄ ပေခန့် ကျွံကျပျက်စီးသွားခဲ့ကြောင်း၊ ယာဉ်ကြီး ယဉ်ငယ်များ ဖြတ်သန်းသွားလာ၍မရသဖြင့် ယနေ့မွန်းလွဲပိုင်းက ကန့်ဘလူမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အများပြည်သူနှင့် ယာဉ်များ ယာယီဖြတ်သန်းသွားလာနိုင်ရေး ကျောက်၊ သဲ၊ မြေများဖို့၍ ပြုပြင်ခဲ့ရာ ယခုအခါ ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ယာဉ်ကြီးများပါ ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)