ကန့်ဘလူ၊ ၂၅ မေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်တွင် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို မေ ၂၅ ရက် နံနက် ၈ နာရီခွဲက ကျင်းပရာ မြို့ပေါ်ကျောင်းတိုက်များရှိ ဆရာတော် သံဃာတော် ၂၃၄ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး ဆရာလေး ၄၁ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်းထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက စုပေါင်းလောင်းလှူကြသည်။

ထို့နောက် ရေစက်ချအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့ရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဝနထံတော်မှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျယ်ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့ရှေ့ကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာ  တရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

mdn