ကန့်ဘလူ ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကန့်ဘလူမြို့အဝင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၃ ရက်က မဖြစ်မနေခရီးသွား လာနေသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားလာမှု မှတ်တမ်းများ ရယူခြင်းများကို စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသို့ ဝင်ရောက်လာကြမည့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ နေရပ်လိပ်စာရယူခြင်း၊ ဆက်သွယ်ရမည့်ဖုန်းနံပတ်များ ရယူခြင်း တို့ကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းကာ နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းပြည်ပ ဒေသများမှ မိမိတို့မြို့သို့ ပြန်လည် ဝင်ရောက်လာပါက ကန့်ဘလူမြို့ အထက(ခွဲ) ညောင်အိုင်နှင့် တိုင်းရင်းဆေးရုံတို့တွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ် စောင့်ကြည့်ရေးစခန်းသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ခံယူရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)