ကန့်ဘလူ  ၁၄  ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဟာရွှေစည်ကြီးစေတီတော်(၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် အေးမြစိုးဖောင်ဒေးရှင်း၏ လှူဒါန်းမှုအစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းများကို မြို့နယ် ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံ၌ မျက်စိအထူးကုဆရာဝန်ကြီးများက ကန့်ဘလူ၊ ကောလင်း၊ ခင်ဦး၊ ကျွန်းလှ၊ ကသာ၊ ပင်လယ်ဘူး၊ မြစ်ကြီးနား၊ ဒီပဲယင်း၊ ဝန်းသို၊ မိုးညှင်း၊ နေပြည်တော်၊ တန့်ဆည်၊ ရွှေဘို၊ မန္တလေး၊ ကနီနှင့် သပိတ်ကျင်း မြို့နယ်များမှ လာရောက်ပြသသော မျက်စိဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးခွဲစိတ်ကုသခြင်းများကို ဖေဖော်ဝါရီ ၆ ရက်မှ ယနေ့ထိလာရောက်ပြသသူပေါင်း ၁၁၇၂ ဦးတွင် အကြီးစား ခွဲစိတ်ပြီးစီးသူ ကျား ၁၆ ဦး၊ မ ၄၃ ဦး၊ အသေးစားခွဲစိတ်ပြီးစီးသူ ကျား ၁၀ ဦး၊ မ ၁၉ ဦး၊ ပါဝါမျက်မှန်ပေးသူပေါင်း ကျား ၂၀၇ ဦး၊ မ ၄၆၆ ဦး၊ကျန်ဝေဒနာရှင်များအား စားဆေး၊ သောက်ဆေးနှင့်မျက်စဉ်းခပ်ရန် ဆေးများပေးခဲ့ကြောင်းနှင့် အကြီးစားခွဲစိတ်မည့်သူ ကျား ၉ ဦး၊ မ ၂၀ ဦး၊ အသေးစားခွဲစိတ်မည့်သူ ကျား ၄ ဦး၊ မ ၅ ဦးတို့ကိုလည်း ဆက်လက်ခွဲစိတ်ကုသပေးလျက်ရှိသည်။ အဆိုပါမျက်စိစမ်းသပ်စစ်ဆေးခွဲစိတ်ကုသခြင်းများကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံမှသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

mdn