လန်ဒန် ၂၄  ဇူလိုင်

ဗြိတိန်နိုင်ငံ၏အာဏာရ ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်အား ရွေးချယ်လိုက်ကြောင်း၊ ၎င်းသည် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်ရေးအတွက် ဗြိတိသျှပါလီမန်၌ သဘောတူညီမှု ရယူရန်ကြိုးပမ်းရာ၌ မအောင်မြင်ခဲ့သည့်အတွက် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့သည့် လက်ရှိဝန်ကြီးချုပ် ထရီဆာမေ၏ အရိုက်အရာကို ဘောရစ်ဂျွန်ဆင်က ဆက်ခံရမည်ဖြစ်သည်။

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်ရာတွင် ဘောရစ်ဂျွန်ဆင်က နိုင်ငံခြားရေးဝန်ကြီး ဂျရီမီဟန့်အား အနိုင်ရရှိခဲ့ကြောင်း ယင်းပါတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဘောရစ်ဂျွန်ဆင်သည် ယနေ့တွင် ထရီဆာမေထံမှ ဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းထမ်းဆောင်မည်ဖြစ်သည်

ဘောရစ်ဂျွန်ဆင်သည် ဘရီးဇစ်အရေးကြောင့် ကွန်ဆာဗေးတစ်ပါတီအတွင်း ကြီးမားသည့် သဘောထား ကွဲပြားမှုကို ပြန်လည်စုစည်းမှုရှိအောင် လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ