၈ မတ်

 

မြန်မာမှန်ရင် ကန်စွန်းဥကို ငယ်ငယ်ကတည်းက စားဖူးကြမှာပါ။ ကျွန်တော်တို့ ကလေးဘဝကဆိုရင် ကျောင်းနားမှာ ကန်စွန်းဥပြုတ်တို့၊ ကန်စွန်းဥ မီးဖုတ်တွေ ရောင်းတာမြင်ရင် မေမေတွေကို အတင်းပူဆာပြီး ခွာစားခဲ့ကြတာနော်။ အရသာလည်းရှိ၊ အားလည်းပြည့်တဲ့ ကန်စွန်းဥမှာ ကလေးတွေအတွက်သာမက လူကြီးတွေရဲ့ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်နော်။ ဒီတော့ ကန်စွန်းဥကို ကြိုက်တဲ့သူတွေရော၊ တစ်ခါမှ မစားဖူးတဲ့သူတွေပါ သိထားသင့်တဲ့ ကန်စွန်းဥတစ်လုံးရဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ဒီဆောင်းပါးလေးမှာ ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

 

၁။ ကန်စွန်းဥရဲ့ အာဟာရတန်ဖိုး

ကစီဓာတ် ၄၁.၄ ဂရမ်

ပရိုတင်းဓာတ် ၄ ဂရမ်

အဆီဓာတ် ဝ.၃ ဂရမ်

အမျှင်ဓာတ် ၆.၆ ဂရမ်

ဗီတာမင် အေ

ဗီတာမင် စီ

ဗီတာမင် ဘီစစ်

မန်းဂနိစ်ဓာတ်

ပိုတက်စီယမ်ဓာတ်

ကော့ပါးဓာတ်

နိုင်ရာစင်ဓာတ် တွေပါဝင်ပါတယ်။

 

လိမ္မော်ရောင်နဲ့ ခရမ်းရောင်ရှိတဲ့ ကန်စွန်းဥတွေမှာ antioxidant လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ရောဂါပိုးတွေကနေ ကာကွယ်ပေးတယ်။

 

၂။ အူလမ်းကြောင်းကို ကျန်းမာစေတယ်။

 

ကန်စွန်းဥမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတဲ့ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပေါကြွယ်ဝပါတယ်။ ကန်စွန်းဥကရတဲ့ အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွင်းမှာ တည်ရှိနေပြီး ရေကို စုပ်ယူပေးကာ ဝမ်းကိုပျော့စေတယ်။ အစာချေဖျက်ရာမှာ လွယ်ကူစေပြီး ဝမ်းချုပ်တာတွေ မဖြစ်ဖို့ ကာကွယ်ပေးနိုင်တယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို နေ့စဉ် စားသုံးပေးရင် အူမကြီးကို ကျန်းမာသန်စွမ်းစေတဲ့ fatty acid တွေ တိုးစေသလို အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

၃။ ကင်ဆာရောဂါကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်တယ်။

 

ခရမ်းရောင် ကန်စွန်းဥမှာ ပါဝင်တဲ့ Anthocyanins လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် အုပ်စုဟာ ဆီးအိမ်၊ အူမကြီး၊ အစာအိမ်၊ ရင်သားကင်ဆာကို ဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးသလို ဒီဆဲလ်တွေရဲ့ တခြားကိုယ်တွင်းအင်္ဂါတွေထိ ပျံ့နှံ့တဲ့ နှုန်းကိုလည်း နှေးကွေးစေပါတယ်။

 

၄။ အမြင်အာရုံကို ကောင်းစေခြင်း

 

Beta-carotene လို့ခေါ်တဲ့ လိမ္မော်ရောင် ကန်စွန်းဥတွေမှာ တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ကိုယ်ခန္ဓာထဲ ဝင်ရောက်လာတဲ့အခါ ဗီတာမင်အေဓာတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဗီတာမင်အေ ဟာ မျက်စိအမြင်အာရုံကို အားကောင်းစေပြီး မျက်စိမှုန်တာ၊ မျက်စိအားနည်းတာ၊ အလင်းစူးတာတွေ၊ မျက်စိဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

၅။ ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးတယ်။

 

Anthocyanins ဓာတ်တိုးဆန့်ကျင်အုပ်စုဟာ ဦးနှောက်ထဲမှာရှိနေတဲ့ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး နီရဲရောင်ရမ်းခြင်းကို လျော့ကျစေတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏ သတိမေ့တတ်တာ၊ Dementia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်ခြင်း ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေကိုလည်း အတန်းထဲမှာ စာလိုက်နိုင်စေဖို့၊ ကျက်မှတ်ထားတဲ့ စာတွေ ဦးနှောက်ထဲ စွဲမြဲစွာ မှတ်မိနေစေဖို့၊ ဉာဏ်ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

 

၆။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။

 

ကန်စွန်းဥမှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို အကျိုးပြုပေးရုံသာမက ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကျန်းမာစေဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ တစ်နေ့တာအတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကြွက်သားထု တည်ဆောက်ဖို့ ကစီဓာတ်တွေ ပါဝင်တာကြောင့် အသက်အရွယ်မရွေး ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။

 

ဒါဆိုရင် ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်တဲ့ ကန်စွန်းဥရဲ့ အာဟာရတန်ဖိုးနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို သိလောက်ပြီလို့ မျှော်လင့်မိပါတယ်။ ကန်စွန်းဥကို ပြုတ်စားခြင်းကတော့ ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ပြီး ပါးပါးလေးလှီးပြီး ဆီသန့်သန့်နဲ့ ကြော်စားတာ၊ ပြုတ်ပြီး သံပရာရည် နည်းနည်းညှစ် ထောင်းစားတာ၊ မီးဖုတ်ပြီးတော့လည်း စားပေးလို့ရပါတယ်။

 

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win