တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျွန်းစုမြို့အဝင် ဆိပ်ကမ်းအလှပေါ်လွင်စေရေး၊ သာယာစေရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
ထိုလုပ်ငန်းဆောင်ရွက်သည့်နေရာသည် ကျွန်းစုမြို့အဝင်အလှဖြစ်သလို၊ ရေယာဉ်များရပ်နားပြီး ခရီးသည်များ ကျွန်းစုမြို့သို့စတင်ဝင်ရင် သံသရာအေးဘုရားနှင့် ကမ်းနားလမ်းတစ်လျှောက်ကို မြင်ရသည့် နေရာတစ်ခု ဖြစ်သည်။ ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ်းနားလမ်းတစ်လျှောက် လက်ရန်းတန်းတပ်ဆင်ခြင်းနှင့် မီးတိုင်များပြုလုပ်ခြင်း၊ ကမ်းနားမုခ်ဦးအနီး ပျက်စီးနေသောနေရာအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေလျက်ရှိရာ ကမ်းနားလမ်းလက်ရန်းတန်း တပ်ဆင်ရာတွင် ကမ်းနားလမ်းသည် ပေ(၈၀၀)ရှိပြီး ထိုလုပ်ငန်းနှင့် မီးတိုင်ပြုလုပ်ခြင်းကို (၁၅၇)သိန်းခန့်ဖြင့် ဆောက်ရွက်နေလျက်ရှိကြောင်းနှင့် ကမ်းနားလမ်းမုခ်ဦးအနီး ပျက်စီးနေသောနေရာသည် အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၆)လက်မရှိရာ ကွန်ကရစ်ခင်းခြင်းကို (၃၁)သိန်း(၆)သောင်းဖြင့် ဆောက်လုပ်နေလျှက် ရှိသည်။
ကမ်းနားလမ်း လက်ရန်းတန်းလုပ်ငန်းမှာ ၃၅ ရာခိုင်နှုန်းခန့် ပြီးဆုံးနေပြီးဖြစ်ပြီး ထိုလက်ရန်းတန်း တပ်ဆင်ပြီးစီး ပါက ကျွန်းစုမြို့အဝင်မှာ ပိုမိုသာယာလှပစေမည်ဖြစ်ပြီး ကမ်းနားမုခ်ဦးအနီး ပျက်စီးနေသောနေရာအား မြေများဖြည့်ကာ ကြာရှည်ခံအောင် ကွန်ကရစ်ခင်းမည်ဖြစ်ကြောင်း၊ ကွန်ကရစ်ခင်းခြင်းပြီးစီးသွားပါက ဆိုင်ကယ်ကယ်ရီများအတွက် ရပ်နားရာနေရာတစ်ခုရရှိသွားမည်ဖြစ်သည်။ အရင်ကပျက်စီးမှုရှိရာ၌ ကမ်းနားသို့ အမြန်ယာဉ်ဆိုက်ကပ်ချိန် ဆိုင်ကယ်ကယ်ရီများရပ်နားရာတွင် လူသွားလမ်းပေါ်သို့ ရောက်ရှိနေပြီး ခရီးသည်များ စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း၊ ကမ်းနားလမ်းတွင် မြို့နယ်အားကစားမှူးမှ အများပြည်သူ ကိုယ်လက်လှုပ်ရှားနိုင်ရန် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးနှင့် ကိုယ်လက်လှုပ်ရှားကစားနိုင်ရန် အတွက် Outdoor Fitness တစ်စုံ၊ အားကစားရုံးရှေ့၌ တစ်စုံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကမ်းနားလမ်း၌ Outdoor Fitness တစ်စုံ တပ်ဆင်ပေးထားကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)