ကျွန်းစု ၁၇ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စခန်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က သုံးထပ်မီးခံတိုက် အပေါ်ဆုံးထပ်၌ လျှပ်စစ်မီးကြိုးဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စခန်းသစ်ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်နေ ဦးထွန်းသန့်(ခ)ဦးဖိုးထူး ပိုင်ဆိုင်သော သုံးထပ်မီးခံတိုက် အပေါ်ဆုံး ထပ်၌ လျှပ်စစ်မီးကြိုးဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ ကျေးရွာရှိ အရန်မီးသတ်စခန်းမှ မီးသတ်တပ်စုမှူး ဦးခင်စိုးဦးဆောင်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စခန်းသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထိုက် နှင့်ရွာသူရွာသားများက ရေဂါလန်(၈၀ဝ)ဆန့် မီးသတ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ(၂)နာရီအချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ဆုံးထပ်၌ သိုလှောင်ထားသော မုန့်တီခြောက်အပါအဝင် ကုန်ခြောက်ပစ္စည်းများ၊ နေအိမ်မျက်နှာကြက်ပြားများ ကွဲထွက်ပျက်စီးကာ၊ တိရစ္ဆာန် ထိခိုက်၊ သေဆုံးမှုမရှိခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ကံမော်နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


