ကျွန်းစု   ၁    သြဂုတ် 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၌ ဇူလိုင် ၃၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။

 

5

 

မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပဲ့တိုင်ကျေးရွာနေ ဦးမြင့်ဌေးနှင့် ဦးကျော်ဆန်းတို့၏ မြေစိုက်နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး ဒေါ်သန်းမော်၏ နေအိမ်၌ အမိုးသွပ်(၄၀)ချပ်ခန့်နှင့် အမိုးသစ်သားတန်းများ လွင့်ပါပျက်စီးခဲ့သည်။ ထို့အပြင် ဦးသောင်းညွန့် နေအိမ် အရှေ့ပိုင်း အမိုးအုတ်ကြွပ်(၂၀)ချပ်ခန့်နှင့် နေအိမ်ရှေ့အဖီအမိုးသွပ်(၁၅)ချပ်ခန့် အမိုးလန်ပျက်စီးခဲ့ပြီး ဒေါ်ပု ပိုင်ဆိုင်သော နေအိမ်တွင် အိမ်အရှေ့ပိုင်း ဓနိအမိုးနှင့် နေအိမ်ဝရန်တာအဖီ အမိုးသွပ်(၁၂)ချပ်ခန့် အမိုးလန်ပျက်စီးခဲ့၍ ဒေါ်စန်း၏(၂)ထပ်အိမ်တွင် အိမ်အရှေ့ပိုင်း အမိုးသွပ်(၂၅)ချပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြကြောင်း သိရှိရပါသည်။

 

4

 

လေပြင်းတိုက်ခတ်၍ နေအိမ်များ ပြိုလဲ/အမိုးလန်ပျက်စီးမှုများကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် နေအိမ်အပျက်အစီးများအား ကျေးရွာတာဝန်ခံ ဦးအောင်ငယ်နှင့် ရွာသူ/သားများမှ ကူညီဖယ်ရှား ရှင်းလင်းခဲ့ကြကာ နေအိမ်ပျက်စီးဆုံးရှုံးသူ အိမ်ထောင်စု(၆)စုတို့မှ မိသားစုဝင် ကျား (၂၁)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်းလူဦးရေ(၃၂)ဦးတို့မှာ ကျေးရွာရှိ ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေများ၏ နေအိမ်များ၌ ယာယီခိုလှုံနေထိုင်လျက် ရှိကြောင်း သိရှိရပါသည်။

 

7

 

စည်သူရအောင်(ကျွန်းစု)