ကျွန်းစု ၂၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာအတွင်း မူးယစ်ဆေးဝါး ကင်းစင်သည့်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက “မူးယစ်ကင်းစင်နယ်မြေ” ဆိုင်းဘုတ်များကို တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလှဦးဆောင်၍ ပထော်ကျေးရွာ တာဝန်ခံ ဦးကျော်သီဟနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပထက်ကျေးရွာရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများက ကျေးရွာအတွင်း အများပြည်သူ မြင်သာသည့်နေရာများတို့၌ "မူးယစ်ကင်းစင်နယ်မြေ" စာသားပါ ဗီနိုင်းဆိုင်းဘုတ် (၁၀)ခုတို့အား စိုက်ထူခဲ့ကြသည်။
ထို့နောက် ပထော်ကျေးရွာအား မူးယစ်ဆေးဝါးကင်းစင်သည့် နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် ကျေးရွာအတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်/ ဖြန့်ဖြူး/ သုံးစွဲသည်ဟု ကျော်ဇောသတင်းရှိသူများအား ခေါ်ယူသတိပေးခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများနှင့် အလုပ်သမားများ၊ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)