ကျွန်းစု ၆ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း (တနင်္သာရီတိုင်း-၇)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း (တနင်္သာရီတိုင်း-၈)၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ကျွန်းစုမြို့၌ လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ရေး၊ ဂျင်းမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းရှင်များမှ ခွင့်ပြုလိုင်စင်များ မရရှိသေးသော်လည်း ဒေသခံများ၏ စားဝတ်နေရေး လုပ်ငန်းများအား ဟန့်တားနေခြင်းများကို သက်ဆိုင်ရာဌာနများမှ စိစစ်ကြပ်မတ်ပေးရန်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း(တနင်္သာရီတိုင်း-၇)က ကုမ္ပဏီများအနေဖြင့် ဒေသဖွံဖြိုးရေးစီမံကိန်းလုပ်ငန်းများ မစတင်မီ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပေးရန်တို့ကို လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း (တနင်္သာရီတိုင်း-၈)က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေးနှင့် မြို့နယ်အတွင်း သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ထိရောက်စွာ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့ကို လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)


