ကျွန်းစု ၂၆ အောက်တိုဘာ
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းအမျိုးမျိုးကို အောက်တိုဘာလ (၂၅)ရက်မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်း စည်းကမ်း စာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ကိုယ်တိုင် လာရောက်ထုတ်ယူကြကြောင်း၊ ကျွန်းစုမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၃)အုပ်စု တို့တွင် မဲရုံ စုစုပေါင်း(၁၆၃) ရုံရှိပြီး၊ မဲဆန္ဒရှင် ပေါင်း (၁)သိန်း(၁)သောင်းကျော် ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


