ကျွန်းစု ၂၀ ဧပြီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကရုဏာနာရေးကူညီမှုအသင်း၊ ကြက်ခြေနီအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊တားဆီးရေး အတွက် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းစုမြို့၊ ကရုဏာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အသင်းဝင်များ၊ ကျွန်းစုမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ခွဲမှူး ဦးသက်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများ၊ ပူးပေါင်းအင်အား (၁၅)ဦးတို့က အထက်ပိကြပ်ကျေးရွာ၊ အောက်ပိကြပ်ကျေးရွာ၊ မရွှေဦးကျေးရွာ၊ ပသုတ်ကျွန်းကျေးရွာ၊ ပရည်ကျွန်းကျေးရွာနှင့် မစမ်းပါးကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ တားဆီးရေးအတွက် အသိပညာပေးဗီနိုင်းများ အများပြည်သူ မြင်သာသည့်နေရာများတွင် ကပ်နှံပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခြင်း၊ အဝတ်ဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ရောဂါကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ 

 

စည်သူရအောင်(ကျွန်းစု)