ကျွန်းစု ၁၂ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ထောက်ပံ့ကူညီမှု(၅)မျိုးကို တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၂၄၂၁၃)စုအတွက် ထောက်ပံ့ကူညီပေးနိုင်ရန် ကျွန်းစုမြို့နယ် ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူးရေးအဖွဲ့က ဧပြီလ(၁၁)ရက် နံနက်ပိုင်းတွင် မြိတ်မြို့၌ ရရှိသော ထောက်ပံ့ကူညီမှု (၅)မျိုးမှ ဆန်၊ ဆီ၊ ဆားများကို ကျေးရွာများသို့ စနစ်တကျ ထုတ်ပိုး၊ သယ်ယူ၊ ပို့ဆောင် ဖြန့်ဖြူးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု(၂၄)စုရှိပြီး အိမ်ထောင်စု(၃၅၆၉၂)စုရှိ၍ အခြေခံလူတန်းစား အိမ်ထောင်စု (၂၄၂၁၂)စုရှိပြီး လူဦးရေ စုစုပေါင်း(၁၁၇၉၅၅)ဦးရှိရာ ၎င်းတို့အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထောက်ပံ့ကူညီမှု (၅)မျိုးတွင် မြိတ်ခရိုင်မှတစ်ဆင့် ဆန်၊ ဆီ၊ ဆား တို့ လုံလောက်မှုရှိ၍ ယနေ့တွင် ပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လိုအပ်လျက်ရှိသည့် ပဲနှင့် ကြက်သွန်ကို ထောက်ပံ့မှုရရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်လက်ပို့ဆောင် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူးရေးအဖွဲ့မှ သိရသည်။
မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့ကူညီမှု(၅)မျိုးကို ဖြန့်ဖြူးထောက်ပံ့ပေးနိုင်ရန် မြို့နယ်အတွင်းရှိ ကျေးရွာများအား ထုတ်ပိုး၊ သယ်ယူ၊ ပို့ဆောင် ဖြန့်ဖြူးရေးအဖွဲ့က စနစ်တကျ ခွဲဝေပေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူများထံသို့ ဖြန့်ဖြူးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


