ကျွန်းစု ၂၇ အောက်တိုဘာ
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ NEPစီမံကိန်း ICB - 4 တစ်အိမ်သုံး ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီ က ကျွန်းစုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေးဉီးစီးဌာနမှမြို့နယ်ဉီးစီးမှူး ဉီးနိုင်လင်းထွန်းနှင့် အင်ဂျင်နီယာ ဝန်ထမ်းများကကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ပြီးစီးခဲ့သည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး ရာတွင် မြို့နယ်ဉီးစီးမှူး ဉီးနိုင်လင်းထွန်းက အဆိုပါ ကျေးရွာခြောက်ရွာတို့မှ ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့် ဆိုလာတပ်ဆင်အသုံးပြုသူ အိမ်ထောင်စုများအား မိမိတို့နေအိမ်အသီသီတွင် တပ်ဆင်ပြီးစီးခဲ့သည့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများကို ရေရှည်အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းကိုင်တွယ် အသုံးပြုနိုင်ရေး၊ အသုံးပြုသူများ လိုက်နာရမည် သတ်မှတ်ချက်များနှင့် ပျက်စီးမှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနသို့ ဆက်သွယ် ပြုပြင်နိုင်ရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တစ်အိမ်သုံး ဆိုလာစနစ် တပ်ဆင်ပြီးစီးခဲ့သော ကျေးရွာများမှာ ကဘင်းချောင်း၊ ကျောက်ပုံချောင်း၊ ဝါရစ်မြန်မာ၊ ပင်ပွားအော်၊ ရေပြည့်အော်၊ တောင်ပုကျေးရွာစသည် ကျေးရွာခြောက်ရွာတို့ရှိ အိမ်ခြေ(၆၉၄)အိမ်တွင် ၆၀ ဝပ်(၄၂၅)စုံ၊ ၁၀ဝ ဝပ်(၂၆၉)စုံ၊အလယ် တန်းကျောင်း တစ်ကျောင်း၊ ဘာသာရေးအ ဆောက်အအုံတစ်လုံးနှင့် လမ်းမီးတိုင် (၁၆)တိုင်တို့ကို ကျွန်းစုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနက ကြီးကြပ်၍ Earth Renewable Energy Co, Ltd မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းစတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၃ ရက်နေ့တွင် ဆိုလာတပ်ဆင်မှု လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။
၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အားပေး စီမံကိန်း (NEP ICB - 4 & DRD - 2)ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းကို ကမ္ဘာဘဏ်က (၆၀)ရာခိုင်နှုန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနက (၃၀) ရာခိုင်နှုန်းနှင့် ပြည်သူ(၁၀)ရာခိုင်နှုန်းတို့ ထည့်ဝင်ပူးပေါင်း၍ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတို့တွင် အကောင်အ ထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမြို့နယ် ဉီးစီးမှူး ဉီးနိုင်လင်းထွန်းထံမှ သိရသည်။
မြင့်ဦး(မြိတ်)


