ကျွန်းစု ၁၇ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဒုံးပုလဲအော် ကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လှောင်အိမ်စနစ်ဖြင့် ရေငန်ငါးမွေးမြူရေး လုပ်ငန်းနေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။၊
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမျိုးသန့်တင်၊ အဏ္ဏဝါသိပ္ပံ၊ တွဲဖက်ပါမောက္ခ ဒေါက်တာစုစုလှိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးမျိုးသူရနှင့် တာဝန်ရှိသူများ၊ မြို့နယ် ငါးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစံမွှေး၊ မြန်မာ့ပုလဲ၊ ခရိုင်တာဝန်ခံ ဒေါ်အေးအေးချို၊ မြန်မာအတ္တလန်တာစ် တာဝန်ရှိသူများက ဒုံးပုလဲအော်ကျေးရွာအနီးတွင် ရေငန်ငါးမွေးမြူမည့် နေရာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် စီမံကိန်းနှင့် ပတ်သက်သော ကိစ္စရပ်များအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲ ၁၂ နာရီတွင် ဒုံးပုလဲအော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး စီမံကိန်းဆောင်ရွက်မည့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ပုံများ၊ လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်း ရလဒ်များ၊ လုပ်ငန်းလည်ပတ်စဉ် ကာလအတွင်း ဖြစ်ပေါ်လာနိုင်သော သိသာထင်ရှားသည့် ဆိုးကျိုးများ လျှော့ချစေရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်များ စသည့်ပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာ (Initial Enviromental Examination – IEE) ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုခြင်းတို့ ပြုလုပ်ရာ Norwegian Development Group Limited Advisor ဒေါက်တာမေမြတ်နိုးလွင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် Norwegian Development Group Limited မှ ဒုံးပုလဲအော် ကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူမည့်ငါးသည် ပြည်တွင်းနှင့် နိုင်ငံခြားတွင် ဈေးကွက်ရှိသော ဒေသငါးရင်းများကိုသာ မွေးမြူမည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ ငါးများအား ထိခိုက်မှုမရှိနိုင်ကြောင်း၊ ငါးများသည် သိပ္ပံနည်းကျစွာ ထုတ်လုပ်ထားသော ရေပေါ်အစာကိုသာ စားသုံးမည်ဖြစ်ရာ ပတ်ဝန်းကျင် ထိခိုက်မှုနည်းမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


