ကျွန်းစု ဧပြီ ၁၇

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ ၁၃၈၅ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်နံနက်ပိုင်းက ကျွန်းစုမြို့ အမှတ်(၂)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ် လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရပ်ကွက်အလိုက် ကားဖြင့် လှည့်လည်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စန်းဝင်းက သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက မြို့ပေါ်ရပ်ကွက်များမှ အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွား(၇၁)ဦးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကာ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုပေးစကားပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

 

စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)