ကျွန်းစု   ဒီဇင်ဘာ   ၂၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဖလား အလွတ်တန်း(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၂၇ ရက်က မြို့မအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

 

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးက ပါဝင်ယှဉ်ပြိုင်သည့် အားကစား အသင်းများအား အားကစားပစ္စည်းများပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ခံရယူသည်။ ထို့နောက် အားကစားအသင်းများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွက်ဆိုခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများပါဝင်သော ဇရာအိုအသင်းနှင့် ကညာပျိုအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ (၂ဂိုး-၁ဂိုး)ဖြင့် ဇရာအိုအသင်းက အနိုင်ရရှိခဲ့သည်။

 

ထို့နောက် အလွတ်တန်း(ဖူဆယ်) ဘောလုံးပြိုင်ပွဲကို ညွှန့်ပေါင်းအသင်းနှင့် ရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဒေသခံများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေ ကျသွားခဲ့ကြောင်း၊ ပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ (၁၃)အသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို တစ်ရက်လျှင် (၄)ပွဲနှုန်းဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်