ကျွန်းစု ၆ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု ၁၅၀၀ အတွက် ဟင်းစားငါး အမျိုးမျိုး ကီလို ၄၅၀၀ ကို ဇွန် ၅ ရက်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကမ်းဝေးရေလုပ်ငန်းများမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးတို့က ကျွန်းစုမြို့ပေါ် ရပ်ကွက်များ၊ ကတ္တလူကျေးရွာအုပ်စုနှင့် ကပကျေးရွာအုပ်စုတို့ရှိ အခြေခံလူတန်းစားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များထံသို့ ဟင်းစားငါးများ စနစ်တကျ ခွဲဝေပေးနေမှုများအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ရပ်/ကျေး အုပ်စုတာဝန်ရှိသူများက အခြေခံလူတန်းစာများ ထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
ဟင်းစားငါးများအား မြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၅၃၅ စု၊ ကတ္တလူ ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၃၇ စု၊ ကပကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၄၂၈ စု၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင် အိမ်ထောင်စု ၄၀၀၊ စုစုပေါင်းအိမ်ထောင်စု ၁၅၀၀ တို့အတွက် အိမ်ထောင်စုတစ်စုလျှင် သုံးကီလိုနှုန်းဖြင့် ငါးမျိုးစုံ ကီလို ၄၅၀၀ အား ခွဲဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


