ကျွန်းစု ၂၁ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာဘဏ် နှင့် Techno-Hill Engineering Co,Ltd တို့မှ လျှပ်စစ်မီးမရရှိသေးသော ဝေးလံဒေသရှိလူနေမှု အဆင့်အတန်းမြင့်မားစေရန် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ် တည်ဆောက်ရေးစီမံကိန်းအတွက် ဒေသခံ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာ၊ မစမ်းပါးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးသီဟမိုးက စီမံကိန်းအတွက် ကုန်ကျစရိတ်ကို ကျေး/လက်နှင့် ကမ္ဘာဘဏ်မှ (၆၀ ရာခိုင်နှုန်း)၊ Techno-Hill Engineering Co,Ltd(၂၀ ရာခိုင်နှုန်း)၊ ဒေသခံများက (၂၀ ရာခိုင်နှုန်း )ဖြင့် စုပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဤစီမံကိန်းကို ဆောင်ရွက်လိုသည့်ဆန္ဒ ရှိ/မရှိ ပြန်လည်ဖြေကြားပေးရန် ဆွေးနွေးခဲ့ပြီး Techno-Hill Engineering Co,Ltd မှ အကြီးတန်းမန်နေဂျာ ဦးပက်ထရစ်က ကျွန်းစုမြို့နယ်တွင် ကျေးရွာ(၆)ရွာတွင် အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ် တည်ဆောက်ရေးစီမံကိန်း စတင်လုပ်ဆောင်နေပြီဖြစ်ရာ ဒေသခံများက ကုန်ကျစရိတ် (၂၀ ရာခိုင်နှုန်း) ဆိုပေမယ့် မီးရယူမည့် နေအိမ် (၁၀ဝ)ကျော်မည်ဆိုပါက တစ်အိမ်လျှင် (၃)သိန်းခွဲကျပ်သာ ကျသင့်မှာဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကို စီမံကိန်းကာလ (၁၀)အတွင်း အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
"ကျေးရွာမှာ အိမ်ခြေ(၁၆၀)ကျော်၊ လူဦးရေ(၁၀ဝ၀)ကျော်ခန့် နေထိုင်လျှက်ရှိပြီး လူနေအိမ်များ မီးလင်းဖို့ ဒီဇယ်စက်ဖြင့်သာ လည်ပတ်လျက်ရှိကာ နေ့စဉ် ည ၆ နာရီမှ ၉ နာရီခွဲထိသာ လျှပ်စစ်မီးရရှိတာဖြစ်တယ်" ဟု မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာတာဝန်ခံ ဦးစိုးထိုက်ထံမှ သိရသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာရှိ မြေနေရာ(၁)ဧကခွဲ ရရှိဖို့ အတွက် အခက်အခဲရှိနေကြောင်း၊ ကျေးရွာအတွင်းနေထိုင်သူများ၏ သဘောဆန္ဒကို စနစ်တကျ ကောက်ခံ၍ ပြန်လည်ဆက်သွယ်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


