ကျွန်းစု အောက်တိုဘာ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် အသက်(၁၂)နှစ်ပြည့်ပြီး‌သူ ကျောင်းသားကျောင်းသူများအား ယနေ့ နံနက်(၉)နာရီက တာရပိုင်းကျေးရွာ၊ ပထက်ကျေးရွာနှင့် ကျွန်းစုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များက ကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်းများ၊ ကရုဏာနာရေးကူညီမှုအသင်း၊ သွေးနှင့်အောက်ဆီဂျင်ကူညီမှုအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျွန်းစုမြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသားကျောင်းသူများအတွက် Sinovac (CHINA) ထုတ် ကိုဗစ်ကာကွယ်ဆေး လူဦးရေ(၇၉၅၈)ဦးအတွက် ရရှိပြီး အောက်တိုဘာလ(၁၇)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂၉၀) ရှိပြီး ယနေ့တွင် တာရပိုင်းကျေးရွာ၊ ပထက်ကျေးရွာနှင့် ကျွန်းစုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)