ကျွန်းစု၊   ၂၁    ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ ပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ  ၂၀  ရက်  မွန်းလွဲ ၂ နာရီခွဲက ကဘင်းချောင်းကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခိုင်ထူးအောင်နှင့် ဒုတိယလက်ထောက် ဦးစီးမှူး ဦးမိုးကျော်တို့က စနစ်တကျ ရော်ဘာအစေးလှီးနည်း၊ ရော်ဘာအခြေခံမျိုး၊ ရော်ဘာပင်စည် ပုံသဏ္ဌာန်များ၊ ရော်ဘာအစေးလှီးစနစ်၊ ကောင်းမွန်သော အစေးလှီးစနစ်၊ အစေးမလှီးခင် ခြံကို ပြင်ဆင်မှု အခြေအနေ၊ အစေးလှီးရမည့်အပင် အရွယ်အစား၊ အစေးခြစ်ရန်အတွက် လိုအပ်သည့် ပစ္စည်း များ၊ အစေးလှီးကြောင်း အစောင်းဒီဂရီ သတ်မှတ်ခြင်း၊ အစေးလှီးအခေါက် ကုန်နှုန်း၏ သတ်မှတ်ချက်၊ ရော်ဘာအစေး လှီးခြံတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရော်ဘာအစေး ထွက်နှုန်း၏ တိုးရန် လိုက်နာဆောင်ရွက်ရမည့်နည်းများတို့ကို ပညာပေးပြောကြားခဲ့သည်။

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ရော်ဘာအစေးလှီးနည်း ပါဝင်သော လက်ကမ်းစာစာများ ဖြန့်ဝေပေးခဲ့ပြီး ရော်ဘာခြံအတွင်း၌ စနစ်တကျ ရော်ဘာအစေးလှီး နည်းကို လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)