ကျွန်းစု ၁ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ Stay Home ကာလအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူများအား မျိုးစေ့များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ကာလ အပြင်သွားလာရ ခက်ခဲတဲ့အချိန်မှာ ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင်စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ဖို့ မျိုးစေ့များ လှူဒါန်းပေးရခြင်း ဖြစ်ပါတယ်” ဟု မျိုးစေ့များဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပြောသည်။
ယင်းသို့ဖြန့်ဝေရာတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးမည့်သူများကို တစ်ဦးလျှင် မျိုးစေ့ (၅)မျိုးနှုန်းဖြင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


