ကျွန်းစု ၂၄ ဩဂုတ် 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးနည်းလမ်းများကို ဩဂုတ် ၂၃ ရက် ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။    

အသိပေးနှိုးဆော်ရာတွင် တတ်နိုင်သမျှ အိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုရန်နှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုရန်၊ နေအိမ်ရှိ အသက် (၆၅) နှစ်အထက် အသက်အရွယ်ကြီး ရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်၍ ရောဂါအခံရှိသူများ ရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ထားစေရန်၊ လေဝင်လေထွက်ကောင်းသည့် နေရာတွင် နေစေရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ရန်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရန် သတိပြုရန်၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ အဝတ်အစား မလဲမီ(သို့) ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပံ့ပိုးပေးကြရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

စည်သူရအောင်(ကျွန်းစု)