ကျွန်းစု ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်း ရောဂါကူးစက် ပြန့်ပွားမှုအား တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျွန်းစု - မြိတ် သွား ခရီးသည်တင် အမြန်ရေယာဉ်တွင် ဇူလိုင် ၁၉ ရက်မှစ၍ လိုက်ပါစီးနင်းသူ ခရီးသည်များ လူဦးရေကန့်သတ်၍ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
အမြန်ရေယာဉ်များသည် ကျွန်းစုမြို့မှ မြိတ်မြို့သို့ တစ်နေ့လျင် အတက်အဆင်း ၂ ခေါက်ရှိပြီး အမြန်ရေယာဉ် ၃ စီးတို့မှ အလှည့်ကျပြေးဆွဲခုတ်မောင်းနေလျက်ရှိရာ ရေယာဉ်စီးနင်းခအဖြစ် ခရီးသည်တစ်ဦးလျင် ကျပ် ၁၆၀၀ (သူတစ်ပါးထိခိုက်မှုအာမခံကြေး ၁၀၀ ကျပ်အပါအဝင်) ကောက်ခံကာ ခရီးစဉ်တစ်ကြောင်းလျင် ခရီးသည် အနည်းဆုံး ၁၀၀ ခန့်မှ အများဆုံး ၂၀၀ ခန့်အထိ လိုက်ပါစီးနင်းလျက်ရှိပါသည်။
ကျွန်းစုမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကျွန်းစုမြို့မှ မြိတ်မြို့သို့ စီးနင်းရာတွင် လည်းကောင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့ လာရောက်ရာတွင်လည်းကောင်း၊ ရေလမ်းခရီးကိုသာ အဓိက အသုံးပြု သွားလာနေကြသည်ဖြစ်ရာ ထိုကဲ့သို့စီးနင်းရာတွင် ခရီးသည်များအနေဖြင့် ထိုင်ခုံများ၌ တစ်ဦးနှင့် တစ်ဦး ပူးကပ်ထိုင်ခြင်းများကြောင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့် ညီညွတ်မှုမရှိပဲ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေ များပြားနိုင်သဖြင့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ အမြန်ရေယာဉ်များ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီနှင့် အမြန်ရေယာဉ် ပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းကာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဇူလိုင် ၁၉ ရက်နေ့မှစ၍ အမြန်ရေယာဉ်၌ လိုက်ပါစီးနင်းသူ ခရီးသည်များအား လူဦးရေ ကန့်သတ်၍ ပြေးဆွဲသွားမည်ဖြစ်သည်။
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမြန်ရေယာဉ် တစ်ခေါက်လျှင် လိုက်ပါနိုင်သည့် လူဦးရေအား ၅၀ သတ်မှတ်ကာ ထိုင်ခုံ ၁ တန်းလျှင် လူ ၁ ဦးသာထိုင်စေပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်ပါစီးနင်းစေ၍ အမြန်ရေယာဉ်စီးနင်းခအား ယခင် လူတစ်ဦးလျင် ၁၆၀၀ ကျပ် ကောက်ခံရာမှ လူတစ်ဦးလျင် ငွေကျပ် ၃၀၀၀ နှုန်း (သူတစ်ပါးထိခိုက်မှု အာမခံကြေး ၁၀၀ ကျပ် အပါအဝင်)ဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။
အမြန်ရေယာဉ်တစ်စီးတွင် လူဦးရေ ၅၀ ထက် ကျော်လွန်၍ တင်ဆောင်မည်ဆိုပါက တာဝန်ရှိသူများက ဥပဒေအရ အရေးယူခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသည် ၅၀ ပြည့်၍ ခရီးသည်များကျန်ရှိနေပါက အမြန်ရေယာဉ်တစ်စီးမှ ခရီးသွားပြည်သူ ၅၀ ပြည့်လျှင် ထပ်မံပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


