ကျွန်းစု ၅ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြိတ်ခရိုင် ကိုဗစ်-၁၉ကာကွယ်ရေး အရပ်ဖက်ပူးပေါင်းကော်မတီဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ ဧပြီလ (၄) ရက်နေ့ နံနက်(၉)နာရီက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် ကျွန်းစုမြို့ဆိပ်ကမ်းနှင့် မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေး အတွက် ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးကြောစေခြင်း စသည့်အသိပညာပေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုနောက် ဦးမိုးသူအောင် ဦးဆောင်သော မြိတ်ခရိုင် ကိုဗစ်-၁၉ကာကွယ်ရေး အရပ်ဖက်ပူးပေါင်း ကော်မတီဝင်များမှ ကျွန်းစုမြို့၊ ကရုဏာနာရေးကူညီမှုအသင်းဝင်များနှင့်ပူးပေါင်းကာ ကျွန်းစုမြို့မှ ထိန်ချောင်း၊ လိပ်ကြယ်၊ ကတ္တလူ၊ မရမ်းချောင်း အပါအဝင် ကျေးရွာ(၁၀)ရွာသို့ လှည့်လည်သွားရောက်၍ ဒေသခံများအား (ကိုဗစ်-၁၉) ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များနှင့် ဗီနိုင်းကားချပ်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များဖြန့်ဝေပေးခြင်းနှင့် လက်ဆေးကြောစေခြင်း စသည့် အသိပညာပေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


