ကျွန်းစု ၂၉  မတ် 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် Facility Quarantine ထားရှိမည့်နေရာအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးသိန်းညွန့်နှင့် ပူးပေါင်းအဖွဲ့ဝင်များက Facility Quarantine ထားရှိမည့် အဆောက်အဦအတွင်း မီးသတ်ရေယာဉ်ဖြင့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ကျွန်းစုမြို့တွင် Facility Quarantine အဖြစ် အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင်သစ် အောက်ထပ်ကို သတ်မှတ်ထားရှိပြီး အဆိုပါနေရာကို ယနေ့ညနေတွင် Calcium Hypo Chloride 65% (Bleaching Powder) ပက်ဖျန်းသွားမည်ဖြစ်ပြီး လတ်တလောတွင် မြို့နယ်အတွင်း မတ် ၂၈ ရက်အထိ ရရှိသောစာရင်းများအရ ပြည်ပနိုင်ငံများမှ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူ ၈၆ ဦးရှိကာ ထိုသူများကို နေအိမ်များ၌ပင် Home Quarantine ထားရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)