ကျွန်းစု ၁၅ မတ်
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီခွဲတွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက် ပုန်းညက်မြိုင်(၂)လမ်းရှိ အမြင့်(၆၀) ပေ၊ လုံးပတ်(၃)ပေခန့်ရှိ သရက်ပင်တစ်ပင် ကျိုးကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်ပေါ်သို့ လဲပြိုကျမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပုန်းညက်မြိုင်(၂)လမ်းနေ ဦးအာင်ကျော်မိုး၏ မြေကွက်အတွင်းရှိ သရက်ပင်သည် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျမှုဖြစ်ပွားခဲ့ရာ နေအိမ်ခေါင်မိုးနှင့်အမိုးများ ပျက်စီးခဲ့သော်လည်း လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
သစ်ပင်ပြိုလဲပြီး နေအိမ်ပျက်စီးသည့်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား(၄၀)ဦးခန့်တို့မှ ရောက်ရှိခဲ့ ကြပြီး လဲကျသစ်ပင်နှင့် အပျက်အစီးများအား ဝိုင်းဝန်းရှင်းလင်းခဲ့သည်။ နေအိမ်ပျက်စီးခဲ့သည့် မိသားစု(၃)ဦးသည် ပတ်ဝန်းကျင်ရှိ မိတ်ဆွေနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
(ကျွန်းစု ပြန်/ဆက်)


