ကျွန်းစု  ၁၄  ဇွန် 


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အမျိုးသမီးများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန် စက်ချုပ်နည်းပညာ(၂)လသင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲကို ဇွန် ၁၃ ရက် နံနက် ၁၀ နာရီ အချိန်က ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲတွင် မြိတ်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်စိုးမိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းကို စိတ်ပါဝင်စားစွာ မပျက်မကွက် ကြိုးကြိုးစားစားလေ့လာ သင်ယူစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ဇွန်လ(၁၃)ရက်နေ့မှ သြဂုတ်(၁၃)ရက်နေ့အထိ (၂)လကြာ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းတွင် အမျိုးသမီးဝတ်၊ အမျိုးသားဝတ်၊ ကလေးဝတ်၊ အဝတ်အထည် အမျိုးမျိုး ချုပ်နည်းများကို ကျွမ်းကျင်နည်းပြဆရာများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသို့ ကျွန်းစုမြို့နယ်၊ ညောင်ဘီး၊ ပဲယာ၊ အညှင်းကျေးရွာတို့မှ စိတ်ပါဝင်စားသူ(၂၆)ဦး တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။


စည်သူရအောင်(ကျွန်းစု)