ကျွန်းစု ၅ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ သဲဖြုကျွန်းကျေးရွာအနီး ရေပြင်တွင် မေ ၄ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က လှိုင်းလေပြင်းထန်ပြီး စက်လှေနစ်မြုပ်မှုကြောင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ကျေးရွာနေ ဉီးအိုငယ် ပိုင်ဆိုင်သော စက်လှေသည် ခရီးသည်(၁၀)ဦးခန့်နှင့် ကုန်ပစ္စည်းများတင်ဆောင်ကာ မြိတ်မြို့မှ ရေကန်အော်ကျေးရွာသို့ ထွက်ခွာလာပြီး ဘန္ဒနဲကျေးရွာအုပ်စု၊ သဲဖြုကျွန်းကျေးရွာအနီးရေပြင်တွင် လှိုင်းလေပြင်းထန်မှုကြောင့် လှေထဲသို့ ရေများဝင်ကာ စက်လှေနစ်မြုပ်ခဲ့ပြီး စက်လှေနစ်မြုပ်ရာသို့ ပတ်ဝန်းကျင်ကျေးရွာနေသူများမှ ဝိုင်းဝန်းကူညီ ကယ်ဆယ်ကြရာ ရေကန်အော်ကျေးရွာနေ ဟိန်းစိုးလတ်၊ အသက်(၄၀)သည် ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ကူညီကယ်ဆယ်ရန် ရေကန်အော်ကျေးရွာနေ ဒေါ်ဝေပိုင်ဆိုင်သည့် စက်လှေသည် အဆိုပါရေပြင်တွင် လှိုင်းလေပြင်းထန်မှုကြောင့် ရေများဝင်ရောက်ကာ နစ်မြုပ်ခဲ့ကြောင်း၊ ထိုသို့ လှေ(၂)စီးနှစ်မြုပ်မှုတွင် ရှေော်တောမော်နယ်မြေစခန်းမှူး ရဲအုပ်ဝင်းဟန်နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ ကျေးရွာသားများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးများအား တွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း ကျွန်းစုမြို့နယ်ရဲစခန်းမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)