ကျွန်းစု ၁ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီး၍ အမျိုးသမီးများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူ ဖြစ်စေရန် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(၇)ရက်သင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲကို ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ကျွန်းစုမြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးစံမွှေးတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကား အသီးသီးပြောကြားပြီး တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းအကြောင်း သိကောင်းစရာများအား သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတွင် ယိုမျိုးစုံ၊ ဖျော်ရည်၊ သစ်သီး Srupy၊ သစ်သီးဆော့စ်၊ အားလူးကြော်၊ သစ်သီးသနပ်၊ ဂျယ်လီ၊ ဆန်မှုန့်၊ ဂျုံမှုန့်၊ စသော မုန့်အမျိုးပေါင်း ၂၀ အခြေခံပြုလုပ်နည်းများကို သင်တန်းနည်းပြအဖြစ် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်အေးမွန်ရည်နှင့် သုတေသနလက်ထောက်-၃ ဒေါ်ဆုသက်ဌေးတို့က သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသို့ကျွန်းစုမြို့နယ်မှ စိတ်ပါဝင်စားသူ(၁၅)ဦး တက်ရောက်လေ့လာကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)
