ကျွန်းစု ၃ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်သို့ နေ့စဉ်ပြေးဆွဲပေးနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များသည် ယခင်ပြေးဆွဲနေသည့် အကြိမ်ရေထက် အခေါက်ရေတိုး၍ တစ်နေ့(၄)ခေါက်နှုန်းဖြင့် ပြေးဆွဲလျက်ရှိကြောင်းနှင့် ခရီးသွားအာမခံကြေးကို ကောက်ခံခြင်းကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီးနေပြီးဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်သည် နေစဉ်ရေကြောင်းခရီးကို အများဆုံးအသုံးပြု၍ သွားလာနေသော မြို့တစ်မြို့ဖြစ်ပြီး ခရီးသွားပြည်သူများ၊ အရောင်းအဝယ်လုပ်ကိုင်သူများ၊ အစိုးရဝန်ထမ်းများ၊ ဒေသခံများမှာ နေ့စဉ်နှင့်အမျှ အဆိုပါ အမြန်ယာဉ်ဖြင့် ခရီးသည်များ ပို၍တိုးပွားလျက်ရှိသည်။
ပြီးခဲ့သည့်အပတ်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံပွဲတွင် ထိုသို့ပြေးဆွဲနေသော အမြန်ယာဉ်များသည် ယခင်က ကန့်သတ်လူဦးရေ (၁၀ဝ)ကျော်ခန့် သတ်မှတ်ထားသော်လည်း ခရီးသွားဦးရေ(၂၀ဝ)နဲ့အထက် တင်ဆောင်သွားလာနေတာဖြစ်ပြီး ကုန်ပစ္စည်းများနှင့် ဆိုင်ကယ်များကန့်သတ်နှုန်းထားဖြင့် ပို၍တင်ဆောင်နေခြင်းကို အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းသောင်းနှင့် မြို့မိမြို့ဖ ဦးအောင်ဝင်းတို့က တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။
ထိုသို့ပြေးဆွဲနေသော အမြန်ရေယာဉ်များသည် ယခင်က မနက်၊ နေ့လယ်နှင့် မွန်းတည်ပိုင်းအထိ ခရီးစဉ်များကို တစ်နေ့ ၃ ခေါက် ပြေးဆွဲနေပြီး ခရီးသွားပြည်သူများ များပြားလာသောကြောင့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ အခေါက်ရေတိုးပြီး ၄ ခေါက်အထိ ပြေးဆွဲနေကြောင်း၊ ခရီးသွားပြည်သူတစ်ဦးလျှင် အမြန်ယာဉ်ခ (၁၅၀ဝ) ကျပ်နှင့် အသက်အာမခံကြေး (၁၀ဝ)ကျပ်၊ စုစုပေါင်း(၁၆၀ဝ)ကျပ် ကောက်ခံနေပြီး ဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့ရှိရာ ကတန်ကျွန်းကြီးပေါ်တွင် ကျေးရွာ(၂၀)ရှိပြီး နေစဉ် အသွား/အပြန် ပြေးဆွဲနေသော အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါစီးနှင်းသူ ခရီးသည်များ(၁၀ဝ၀)ဝန်းကျင်ခန့်ရှိကြောင်း၊ “တစ်နေ့(၄)ခေါက် နှုန်းဖြင့် ပြေးဆွဲတာကောင်းပါတယ်၊ ဒါပေမဲ့ ဆိပ်ခံတံတားနှင့် ဗောတံတား ဆက်နွယ်ထားသော တံတားတစ်စင်းကို အမြန်တည်ဆောက်ပေးရင် ခရီးသည်များ ခရီးသွားလာမှု ပို၍တိုးပွားလာနိုင်ပါတယ်” ဟု ဦးဝင်းသောင်းက ပြောသည်။
အမြန်ရေယာဉ်များမှာ မြိတ်မြို့မှ နံနက်(၈)နာရီ၊ နံနက်(၉)နာရီ၊ နေ့လယ်(၁၂)နာရီနှင့် မွန်းလွဲ(၂.၃၀)နာရီတွင် ထွက်ခွာမှာဖြစ်ပြီး ကျွန်းစုမြို့မှ နံနက်(၈)နာရီ၊ နံနက်(၉)နာရီခွဲ၊ နေ့လယ်(၁၂.၃၀)နာရီ နှင့်ညနေ့(၃)နာရီခွဲအချိန်ဖြင့် နေ့စဉ် အသွား/ အပြန် (၄)ခေါက်နှုန်းဖြင့် ပြေးဆွဲနေကြောင်း ခရီးသည် အရေအတွက် များပြားလာခြင်းကြောင့် ယခုလို အခေါက်အရေတိုး၍ ပြေးဆွဲတောဖြစ်ကြောင်း၊ ရေယာဉ်ပေါ်၌ ခရီးသွား အာမခံကြေး ၁၀ဝ ကျပ် ပေးသွင်းထားပါက ရေယာဉ် မတော်တဆ တိမ်းမှောက်မှုဖြစ်လျှင် သေဆုံးသူတစ်ဦးအတွက် ကျပ်သိန်း၂၀ နှင့် ရေယာဉ်အာမခံကြေး ကျပ် ၁၀ သိန်း၊ စုစုပေါင်း ကျပ် ၃၀ သိန်းရရှိမှာ ဖြစ်ပြီး၊ ကိုယ်အင်္ဂါထိခိုက်မှုဖြစ်ပွားပါက ၅ ရာခိုင်နှုန်းမှ ၁၀ဝ ရာခိုင်နှုန်းအထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)