ဖေဖော်ဝါရီ ၁၈
ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ရန်ကြိုးစားသည့် အမေရိကန်ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျပြီး ပက်လက်လန်သွားခဲ့သည်။
အဆိုပါဒဲလ်တာလေကြောင်းလိုင်းလေယာဉ်ပေါ်ပါ ခရီးသည်အယောက် ၈၀ အား လေယာဉ်ပေါ်မှဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦးရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း မင်နာပိုလစ်မြို့မှထွက်ခွာလာသောလေယာဉ်သည် တိုရန်တိုမြို့ ပီရာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုမတော်တဆဖြစ်ပွားမှု၏အသေးစိတ်အချက်အလက်များကိုမသိရှိရသေးသော်လည်း နှင်းဖုံးလွှမ်းနေသောမြေပြင်ပေါ်တွင် ပက်လက်လန်ကျနေသောလေယာဉ်၏ပင်မတောင်ပံထိခိုက်ပျက်စီးမှုများပြားပုံကို ဗွီဒီယိုဖိုင်တွင်ပြသထားသည်။
ထိုလေယာဉ်မတော်တဆမှုကြောင့် ၁၈ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများကို ဆေးရုံအသီးသီး သို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အနက်သုံးဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒဲလ်တာလေကြောင်းလိုင်း တာဝန်ရှိသူများကဆိုသည်။ လေယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ယင်းလေဆိပ်ကို ယာယီပိတ်ထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို