အော့တဝါ ၁၈ ဩဂုတ်

 

ကနေဒါအစိုးရ၏ အွန်လိုင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသော ဆိုရှယ်မီဒီယာ အကောင့်များမှာ ဆိုက်ဘာတိုက်ခိုက်မှုခံရကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အစိုးရဌာန ၃၀ နှင့် အခွန်အေဂျင်စီတို့မှအသုံးပြုနေသော ကွန်ပျူတာကွန်ရက်ဖြစ်သည့် GC Key service ကို ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်ကြောင်း ကနေဒါငွေကြေးဘုတ်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယင်းဆိုက်ဘာတိုက်ခိုက်မှုမှ GC Key service ၏ သုံးစွဲသူ အမည်ဖြင့် အစိုးရ၏ လုပ်ငန်းများကို ဝင်ရောက်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ကွန်ပျူတာကွန်ရက်မှ ဆိုက်ဘာတိုက်ခိုက်သူများ အသုံးပြုခဲ့သော ဆိုရှယ်မီဒီယာ အကောင့်များကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုများတွင် ကနေဒါအခွန်ဌာနမှ ဆိုရှယ်မီဒီယာ အကောင့် ၅၅၀ဝ တိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်ခံရသော အကောင့်များ၏ သုံးစွဲခွင့်ကို အခွန်ပေးဆောင်သူများ၏ အချက်အလက်များ ပျံ့နှံ့သွားမည်ကို ထိန်းသိမ်းသည့်အနေဖြင့် ရပ်ဆိုင်းထားကြောင်း သိရသည်။ ။

အစိုးရတာဝန်ရှိသူများက ယခု ဆိုက်ဘာတိုက်ခိုက်မှုတွင် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ချိုးဖောက်ရယူခြင်းရှိ၊ မရှိနှင့် ယင်းဆိုရှယ်မီဒီယာ အကောင့်များ၏ အချက်အလက်များကို မည်ကဲ့သို့ ရယူသွားခဲ့သည်ကို သိရှိနိုင်ရန် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ ကနေဒါ ဗဟိုဘဏ်၏ ပြောကြားချက်အရ ဩဂုတ်လအစပိုင်းမှစတင်ပြီး ကနေဒါအခွန်ဌာနနှင့် ချိတ်ဆက်ထားသော မိမိတို့၏ဘဏ်စာရင်းဆိုင်ရာ အချက်အလက်များ ပြောင်းလဲသွားကြောင်း ကနေဒါနိုင်ငံသားများက အသိပေးချက်ကို ရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - စိုးသူရ