ဗန်ကူဗား၊ ဇွန် ၃၀
ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် ဝက်စ်ဂျက်အုပ်စုသည် ၎င်း၏ လေယာဉ်ပြုပြင် ထိန်းသိမ်းရေး အင်ဂျင်နီယာများ၏ သပိတ်မှောက်မှုကြောင့် ဇွန် ၂၉ ရက်မှ စတင်ကာ လေကြောင်းပြေးဆွဲမှု ခရီးစဉ်ဖျက်သိမ်းမှုများ သိသိသာသာ ပြုလုပ်ခဲ့ရသည်။
လေကြောင်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာများအသင်း၏ ဖိအားပေးမှုကြောင့် ကနဦးလေယာဉ်ခရီးစဉ် ၁၅၀ ကို ဖျက်သိမ်းခဲ့ရသည်။ သပိတ်မှောက်မှုကြောင့် ခရီးသည်ပေါင်း ၂၀၀၀၀ နီးပါး သက်ရောက်မှုရှိမည်ဟု ဝက်စ်ဂျက်အုပ်စုက ၎င်းတို့၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လေကြောင်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာများအသင်းတွင် အင်ဂျင်နီယာပေါင်း ၆၇၀ ပါဝင်ပြီး ဇွန် ၂၈ ရက် ညနေ ၄ နာရီ ခွဲမှစတင်ကာ သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ သပိတ်မှောက်ခြင်းကို ရုပ်သိမ်းခြင်း သို့မဟုတ် ကြားဝင်ဖြေရှင်းပေးခြင်းတို့ မပြုလုပ်လျှင် နောက်ထပ်လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
အလုပ်သမားဝန်ကြီးနှင့် ကနေဒါနိုင်ငံ စက်မှုဆက်ဆံရေးဘုတ်အဖွဲ့၏ ကြားဝင်ဖြေရှင်းမှုကို တောင်းခံထားကြောင်း၊ အဆိုပါ လေကြောင်းလိုင်းတွင် သီတင်းပတ်အကုန် လိုက်ပါစီးနင်းမည့် ခရီးသည်ပေါင်း ၂၅၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။
ဆင်ဟွာ