၂၆ ဩဂုတ်

 

 

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာရှိတဲ့ နှစ်သုံးရာကျော် သက်တမ်းရှိ ဝက်သစ်ချပင်ကြီး ဆက်လက် အသက်ရှင်ရေးအတွက် လုပ်ဆောင်နေပေမယ့် ကပ်ရောဂါပိုးကြောင့် လုပ်ငန်းတွေ ရှုပ်ထွေးကုန်ကြောင်း သိရပါတယ်။

 

 

ဝက်သစ်ချပင်ကြီးဟာ အမြင့် ၇၉ ပေ(၂၄ မီတာ) မြင့်ပြီး ကနေဒါနိုင်ငံမှာ အသက်အကြီးဆုံး သစ်ပင်တွေထဲမှာ ပါဝင်ကြောင်း၊ လွန်ခဲ့တဲ့ အနှစ် ၃၀၀ ကျော်က ပြင်သစ်နယ်မြေ ရှာဖွေသူတွေက အွန်တာရီအို ရေကန်အနီးမှာ ကုန်သွယ်ရေး ဆိပ်ကမ်းအဖြစ် ဝက်သစ်ချပင်ကို စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။ တိုရန်တိုမြို့ အဖြစ်ပေါ်ပေါက်ခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂၇ နှစ် (၁၇၉၃ ခုနှစ်) က ဖြစ်ပါတယ်။

 

 

ဝက်သစ်ချပင်ကြီးရဲ့ ပင်စည်ဟာ ၅ မီတာ ရှိပြီး ၁၉၆၀ ခုနှစ် အတွင်းက ဆောက်လုပ်ထားတဲ့ အိမ်တစ်လုံးရှေ့မှာ တည်ရှိနေပါတယ်။ အရွက်တွေ ထူထပ်တဲ့ သက်တမ်းရှည် ဝက်သစ်ချပင်ကြီးဟာ နေလုံးဝ မထိုးနိုင်လောက်အောင် အရိပ်ကောင်းတယ်လို့ သိရပါတယ်။ 

 

 

အခုနှစ်ပိုင်းမှာ အိမ်ရဲ့ ပိုင်ရှင်သစ်က သစ်ပင်ရဲ့အမြစ်တွေကနေ အိမ်ရဲ့ အခြေကို ဖောက်နေတဲ့အတွက် စိုးရိမ်လာကြောင်း ပြောဆိုမှုတွေ ရှိလာနေပါတယ်။ အိမ်နီးချင်းတွေကလည်း လေပြင်း သို့မဟုတ် မုန်တိုင်းကြောင့် ပြိုကျမှာကို စိုးရိမ်နေ ကြပါတယ်။

 

 

အဲဒီသစ်ပင်ကို ထိန်းသိမ်းရန်အတွက် တိုရန်တိုမြို့မှာ နေထိုင်သူ ၆ သန်းက ၂၀၁၈ ခုနှစ်မှာ မြို့တော်စည်ပင်ကို မဲပေးပြီး သစ်ပင်ရှိရာ နေရာကို ဝယ်ယူပြီး ပန်းခြံအသေးအလေး အဖြစ် ပြောင်းလဲရန် ဆန္ဒပြုထားပါတယ်။

 

 

ဒီသစ်ပင်ကို ဂရုတစိုက်နဲ့ ထိန်းသိမ်းမယ်ဆိုရင် နောက်ထပ် အနှစ် ၂၀၀ အထိ အသက်ရှင် နိုင်သေးကြောင်း ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ သဘာဝ ပတ်ဝန်းကျင် အတွက်လည်း တန်ဖိုးရှိကြောင်း၊ အဲဒီဝက်သစ်ချပင်ကနေ ကာဗွန် တန်ချိန် ၁၁ တန်ကို နှစ်စဉ် စုပ်ယူထားကြောင်း သိရပါတယ်။

 

 

သစ်ပင်နောက်ရှိ အိမ်ပိုင်ရှင် အလီ စီမာဂါက ဒီသစ်ပင်မျိုးကို ထိန်းသိမ်းဖို့ဆိုတာ အင်မတန် ဈေးကြီးကြောင်း၊ မြို့ခံလူထုက သူ့ထက်ပိုပြီး ကောင်းကောင်း ထိန်းသိမ်း နိုင်မယ်လို့ ဆိုပါတယ်။

 

 

အိမ်ဝယ်ယူရေးအတွက် သဘောတူညီမှု မရရှိသေးကြောင်း သိရပါတယ်။ သစ်ပင်ရှိရာ မြေဈေးရဲ့ တစ်ဝက်ကို ပုဂ္ဂလိက အလှူရှင်တွေက လှူဒါန်းရေးကို မြို့တော်စည်ပင်က ဖိတ်ခေါ်ထားပါတယ်။

 

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာကစပြီး အလှူငွေ စတင်ကောက်ခံနေရာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ အလှူငွေ အမေရိကန် ဒေါ်လာ ၃၂၅,၀၀၀ ရရှိရေး ရည်မှန်းထားပေမယ့် ကပ်ရောဂါပိုးကြောင်း အလှူငွေ လှူဒါန်းနှုန်းမှာ နှေးကွေးသွားတာမျိုး ရှိနေပါတယ်။

 

 

MDN

ကိုးကား - AFP

mdn