တိုကျို    ဖေဖော်ဝါရီ    ၂၄

ကနေဒါဝန်ကြီးချုပ်  မက်ခ်ကာနေးသည်  လာမည့်သီတင်းပတ်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် တကာချီဆာနေးနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ကနေဒါဝန်ကြီးချုပ်အဖြစ် ရာထူးတာဝန်များကို စတင်ထမ်းဆောင်ပြီးနောက် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် သွားရောက်ခြင်းဖြစ်သည်။

မက်ခ်ကာနေးသည်  ဖေဖော်ဝါရီ  ၂၆ ရက်မှ မတ် ၇ ရက်အတွင်း အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ ဂျပန်နှင့်ကနေဒါကြား သတ္တုနှင့် သန့်ရှင်းသည့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆွေးနွေးမှုများအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံကြား  ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့်   လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရေး အထောက်အကူပေးရန် ကိစ္စရပ်များကိုပါဆွေးနွေးမည်ဖြစ်သည်။ ကနေဒါဝန်ကြီးချုပ်သည်  ရာထူး တာဝန်များကို စတင်ထမ်းဆောင်ချိန်ဖြစ်သည့် ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ ဒေသတွင်း  စီးပွားရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် တာဝန်များခွဲဝေရယူရန်  အမေရိကန်အစိုးရ၏ တောင်းဆိုမှုများနှင့်  ရင်ဆိုင်ခဲ့ရသည်။ မက်ခ်ကာနေးသည်  ပြီးခဲ့သည့်လအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍများတွင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်  သဘော တူညီခဲ့သည်။ ကနေဒါနိုင်ငံအနေဖြင့်  ၎င်း၏   ကြွယ်ဝသည့်စွမ်းအင်နှင့်  သတ္တုအရင်းအမြစ်များကို သုံးစွဲကာကမ္ဘာ့နိုင်ငံများနှင့်  ကုန်သွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။   

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ